ရန်ကင်းမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီးလူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီတွင် ရန်ကင်းပညာရေးဒီဂရီ ကောလိပ်မြတ် ပညာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ သည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့်ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်နှီးချစ်ခင်မှုများ တိုးပွားလာပြီးယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန်နှင့်တိုင်းချစ်၊ ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကိုကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့်အတူ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ရန်ကင်းပညာရေး ဒီဂရီကောလိပ် လူမှုရေးရာဘာသာရပ်များ ဌာနပါမောက္ခ ဆရာမဒေါ်တင်တင်ဝင်းတို့က ဦးဆောင်ဆွေးနွေး ကာကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစား လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်မူးယစ် ဆေး၊လူငယ်နှင့်စာပေ၊ အစရှိသည့် ခေါင်းစဉ်ပါအကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၆) နှစ်မြောက် အာဇာနည်းနေ့ အထိမ်းအမှတ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)