ဗဟန်း ဇူလိုင် ၁၈
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆ )နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့၊ နံနက် ၉ နာရီ က ဗဟန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ-လ-က (၃)ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆန်းဝင်းက အာဇာနည်(၉)ဦးအကြောင်းဟောပြောပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်နှင့် တန်ဖိုးထားတတ်စေရန် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရစကားများ၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ သမိုင်းအကြာင်းအရာများ၊ မှတ်တမ်း ဓာတ်ပုံများနှင့် အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ ဆက်)