အမရပူရ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ပေါ်ရှိ လေးစုရပ်ကွက်ရှိအမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ မှန်တန်း အခြေခံပညာ အလယ်တန်းကျောင်း၊ နဂါးရပ်အခြေခံ မူလတန်းလွန်ကျောင်းနှင့် ပြဿဒ်ကြီးရပ် အခြေခံ မူလတန်းကျောင်းများသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါနှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက ကိုဗစ် ၁၉ ရောဂါသည် လုံးဝပျောက်ကွယ် သွားသည့် ရောဂါမဟုတ်ကြောင်း Mask များတပ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဦးဖြိုးကိုကိုဇော်က Mask တပ်ဆင်ပုံ၊ ကိုင်တွယ်ပုံ၊ ဆောင်ရန်၊ ရှောင်ရန်များအပြင် မိုးရာသီတုပ်ကွေးဖြစ်ခြင်း၊ လေလမ်းကြောင်း ရောဂါများဖြစ်သည့် တီဗွီရောဂါ၊ အဆုပ်ရောဂါများကိုပါ ကာကွယ်နိုင်ကြောင်း မက်စ်တပ်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ရွှေရည်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက Mask များကို ကျောင်းသား၊ ကျောင်းသူလေးများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ