မအီမြို့ ဂျီဖြူတောင်ကျးရွာအုပ်စု၌ စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်

မအီ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကျေးရွာအုပ်စုများအတွင်း စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် လယ်ယာမြေများ အချိန်မီထွန်ယက်ပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားရေးတို့အတွက် စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ မအီမြို့၊ ဂျီဖြူတောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အကျိုးဆောင်တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ အတွင်းရေးမှူး၊ မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးအောင်စိုးမင်းက ဂျီဖြူတောင် ကျေးရွာအုပ်စု၊ ကင်းခြေကျေးရွာ၌ အကျိုးဆောင်တောင်သူ ဦးနိုင်နိုင်စိုက်ပျိုးနေသော Rs - Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုများနှင့် ကျောက်ကြီးပေါက်ကျေးရွာ၌ တောင်သူဦးဖိုးစံ စိုက်ပျိုး နေသော ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားသည့် စပါးပျိုးခင်းများ အောင်မြင် ဖြစ်ထွန်းနေမှုတို့အား စိုက်ပျိုးရေးကြီးကြပ်အဖွဲ့အား ပြသခဲ့သည်။  ထို့နောက်  မိုးစပါးတစ်ဧက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များနှင့် အညီ ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးနိုင်‌ရေးနှင့် သွင်းအားစုများ အချိန်ကိုက်အချိုးကျ အသုံးပြုနိုင်ရေးတို့ကို အကျိုးဆောင် စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးကို (၃၀၃၅၀) ဧကနှင့် မိုရာသီ သီးနှံမျိုးစုံဧက (၃၁၈၆၇) ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါး အထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးမင်းက သိရသည်။

မောင်မောင်ဌေး