မလှိုင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကြောင်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ကျေးရွာလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဆည်တိုကျေးရွာအုပ်စု၊ ဆည်ခွဲကျေးရွာ ရွှေတောင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မလှိုင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၈) ရွာရှိပါကြောင်း၊ အဆိုပါကျေးရွာများအနက် ဆည်ခွဲကျေးရွာ ပါဝင်ပါကြောင်း၊ ကျေးရွာ (၁) ရွာလျှင် စီမံကိန်းခွင့်ပြုငွေကျပ် သိန်း (၁၅၀) နှင့် ဌာနနှင့် ဒေသခံပြည်သူများ ထည့်ဝင်ငွေများပူးပေါင်းပါဝင်မှုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာ လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို အဖွဲ့ဝင် (၇) ဦး သို့မဟုတ် (၉) ဦး သို့မဟုတ် (၁၁) ဦးပါဝင်သော အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပေးရမှာ ဖြစ်သည့်အတွက် တက်ရောက်လာသော ပြည်သူများ အနေဖြင့် မိမိရပ်ရွာအတွက် အမှန်တကယ် လုပ်ဆောင်နိုင်မည့်သူများကို ရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုစုက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများထဲမှ အများဆန္ဒနှင့်အညီ အဖွဲ့ဝင် (၁၁) ဦးပါဝင်သော ကျေးရွာလုပ်ငန်းကော်မတီကို ဖွဲ့စည်းပေးခဲ့ သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် ဝန်ထမ်းများ၊ ဆည်ခွဲကျေးရွာနေ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသည် မိဘပြည်သူ (၃၆၅) ဦးအားကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး