မချမ်းဘော ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက မချမ်းဘော အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသူကျောင်းသားများအား သက်ဆိုင်ရာအတန်းများအလိုက် အရပ်တိုင်းခြင်း၊ ပေါင်ချိန်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ဗီတာမင်အေ တိုက်ကျွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းများနှင့် မိုးရာသီကာလတွင် အဖြစ်များသော ရောဂါများ၊ သွားကျန်းမာရေး၊ မျက်စိကျန်းမာရေးနှင့် နေ့စဥ်ဆောင်ရွက်ရမည့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆောင်ရွက်ရန် အချက်များနှင့် ကျောင်းအိမ်သာသန့်ရှင်းရေး စစ်ဆေးခြင်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပြီး အသက်(၅)နှစ် ပြည့်ပြီးသော KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Doses ထိုးနှံခြင်း၊ အသက် (၁၂)အထက်ကျောင်းသားကျောင်းသူများအား Second Booster Doses ထိုးနှံခြင်းများကို တစ်ပါတည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းသို့ ဇူလိုင်လ ၁၇ရက်နေ့မှ သြဂုတ်လ (၁၅)ရက်နေ့အထိ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)