အမ်းမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seederဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

အမ်း ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တိုက်ရိုက်စပါး မျိုးစေ့ချ ကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က အောက်ရွာကျေးရွာရှိ တောင်သူဦးဇော်မျိုးထက်၏ လယ်မြေ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အောက်ရွာကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာ အုပ်စုမှ တောင်သူများ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းမှ စိုက်ပျိုးရေးကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော် က Drum Seeder ဖြင့် စပါးတိုက်ရိုက် အစေ့ချစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ မျိုးစေ့နှုန်းထားလျော့ချနိုင်ခြင်း၊ လူတစ်ယောက်သာလိုအပ်သဖြင့် လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးထားသဖြင့် ကြားပေါင်းလိုက် ကိရိယာ အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ခြင်း၊ ကောက်စိုက်စရိတ် သက်သာခြင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့် မျိုးစေ့ချ စိုက်ပျိုးနေမှုအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်၍ ‌အောက်ရွာကျေးရွာရှိ ဓမ္မာရုံတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန်၊ မိုးစပါးစိုက်ပျိုးရန်  မျိုးသန့်၊ မျိုးစေ့ရရှိရေး၊ သဘာဝဓါတ်မြေသြဇာ သုံးစွဲနိုင်ရေး၊ စိုက်ပျိုး ရေးနည်းပညာ အသုံးပြု၍ စပါးပင်များအား နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများမှ မိုးစပါးစိုက်ပျိုးရန် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့် လတ်တလော မိုးရွာသွန်းမှုနည်း ပါးသောကြောင့် စပါး စိုက်ပျိုးရန် ကြုံတွေ့နေရသည့်အခြေအနေ၊ ယမန်နှစ် စပါးစိုက်ပျိုးနိုင်မှု အခြေအနေ၊ စပါးစိုက်ပျိုးနိုင်မှုမရှိပါက အစားထိုးသီးနှံ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု များကို တင်ပြခဲ့ကြသည်။ တောင်သူများ တင်ပြချက်များအပေါ်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်စွတ်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း