တံတားဦး ဇူလိုင် ၁၈
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်ကကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနင့် ပြင်ပဗဟုသုတရရှိစေရေး တို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ကိုးဦးတို့၏ သမိုင်းအကျဉ်းများ၊ အာဇာနည် ခေါင်းဆောင်များ၏ လွတ်လပ်ရေးရရှိရန်အတွက် ကြိုးစားကြပုံတို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲသို့ တက်ရောက်လာသူများက အာဇာနည်နေ့နှင့်ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး အတွက်(၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြဘုတ်များကို စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက် လျက်ရှိကြောင်း ဦးစီးအရာရှိ ဦးဘိုမောင်ထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)