တန့်ယန်း ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဌာနပိုင် မြို့မစျေး အနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်နေမှုအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ စျေးရုံသစ်ကြီး တည်ဆောက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ မိုင်းဟင်္သာထွန်းနှင့် စျေးရုံသစ်ကြီး တည်ဆောက်သည့် 178 Construction Co.,Ltd မှ တာဝန်ရှိသူတို့က စျေးရုံသစ်ကြီး တည်ဆောက်သည့် ပုံစံနှင့် ဆိုင်ခန်းများအခြေအနေကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က အဆင့်မြင့် RC နှစ်ထပ် စျေးရုံကြီးဖြစ်သည့်အတွက် စံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ဆောက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မြို့မစျေး အနောက်ဘက်ခြမ်းရှိ စျေးရုံအား အလျား ၂၀၀ ပေ၊ အနံ ၈၆ ပေရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီးကို တည်ဆောက်နေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)