ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ပန်းချီနှင့်ကျပန်းစကားပြော ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၈

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီပြိုင်ပွဲ၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူကအထိမ်းအမှတ်နေ့များအလိုက် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့မှုအခြေအနေများ၊ နောင်လာမည့်နေ့ထူးနေ့မြတ်များတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြိုင်ပွဲကျင်းပပြုလုပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် ဆရာ၊ ဆရာမများ က ဆုများပေးအပ်ချီးမြှင့်ပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ပြိုင်ပွဲဝင်ခဲ့သည့်ခေါင်းစဉ်ဖြင့် ပြန်လည်ဖျော်ဖြေတင်ဆက် ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)