မလှိုင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာရှိ အဆောက်အဉီသစ် ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပန္နက်တင်မင်္ဂလာအခမ်းအနားမစတင်မီ ကျေးလက်ကျန်းမာရေးဌာနခွဲမြေနေရာနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်မည့် မြေနေရာတို့နှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး၊ ဒေါက်တာ သန့်ဇင်လတ်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များအား လိုက်လံရှင်းလင်းပြခဲ့သည်။ ထို့နောက် မင်္ဂလာအချိန်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဉီ၏ ဦးရှူတိုင်ပန္နက်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လည်းကောင်း၊ အဆောက်အဦ၏ကျန် ပန္နက်တိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ သန့်ဇင်လတ်နှင့်တာဝန်ရှိသူများက ပန္နက်တင်ပေးခဲ့ကြသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာကို ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၁၄၂)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော မန္တလေးမြို့ သော်တာအိမ်ကုမ္ပဏီမှတာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျေးလက် ကျန်းမာရေးဌာနခွဲ စံကိုက်ပင်မအဆောက်အဦမှာ RCတစ်ထပ်အမျိုးအစားဖြစ်၍အလျား(၄၁)ပေ၊အနံ(၂၉)ပေဖြစ်ပြီး ဝန်ထမ်းအိမ်ယာမှာ(၂)ခန်းတွဲ RC တစ်ထပ် စံကိုက်အိမ်ယာ ဖြစ်၍ အလျား (၃၈)ပေ အနံ(၂၅)ပေဖြစ်သည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပြီးစီးသွားပါက ကျပ်ဆည်ကျေးရွာအုပ်စုအတွင်းရှိ ဆပ်ခင်းကြီးကျေးရွာ သပြေလှကျေးရွာ၊ ပွင့်တောကျေးရွာ၊ တုံတင်ကြီးကျေးရွာ ကံချောင်ကျေးရွာ၊ တည်ကြီးတောကျေးရွာ၊ ကံရွာကျေးရွာများအပြင် အုပ်ကြီးကျေးရွ ာအုပ်စုအတွင်းရှိ တည်ကုန်း-မင်းလှနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုဆောင်ရွက် ပေးနိုင်မည်ဖြစ်၍ဒေသခံတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)