တာလေ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဂါလံ(၃၀၀၀၀)ဆံ့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ရေစုကန်သို့ ရေပို့ရန် ဆောင်ရွက်မည့် နတ်စင်ချောင်းတွင် Intake ရေစတင်ယူရာနေရာအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှု့ ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
တာလေမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိပြီး စည်ပင်သာယာရေးဌာနမှ လက်ရှိတွင် ဂါလံ(၁၅၀၀)နှင့် ဂါလံ(၄၅၀၀)ဆံ့ ရေစုကန်နှစ်ကန်ဖြင့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဒေသခံပြည်သူများသို့ နေ့စဉ် ရေဂါလံ(၆၂၀၀)အား ဖြန့်ဝေပေးလျက်ရှိပြီး မြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်သို့ သောက်သုံးရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ဂါလံ (၃၀၀၀၀)ဆံ့ ရေစုကန်တစ်ကန် ထပ်မံတည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါ ရေစုကန်တည်ဆောက်ပြီးစီးပါက မြို့တွင်း ရေဖြန့်ဝေပိုက်လိုင်းများ ဆက်လက်ဆောင်ရွက်ကာ ဒေသခံပြည်သူများအား သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဉီးစိုးသန်းနှင့် တာဝန်ရှိသူတို့က ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပို့ရန်ဆောင်ရွက်မည့် နတ်စင်ချောင်းအား ကွင်းဆင်းကြည့်ရှုရာ တာလေမြို့စည်ပင်သာယာရေးဌာနမှ ဉီးစီးမှူး ဉီးမနားရွှီနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး ဒုတိယအင်ဂျင်နီယာမှူးကြီးက နတ်စင်ချောင်းတွင် Catchment Area လုံလောက်၍ ပတ်ဝန်းကျင်မြေပြင်အနေအထားသင့်လျော်ကောင်းမွန်သော တည်နေရာကို ကွင်းဆင်းကြည့်ရှု၍ Intake ရေစတင်ယူရာ နေရာအား ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယအင်ဂျင်နီယာမှူးကြီးသည် နတ်စင်ချောင်းတစ်လျှောက်တွင် စည်ပင်သာယာရေးဌာနမှ လက်ရှိမြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရေစုကန်နှင့် ရေပိုက်လိုင်းများထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ရေစုကန်များအား သဲနှုန်းများ ပုံမှန်ဆယ်၍ သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ကန်အနီး ခြုံနွယ်များ ပုံမှန်ရှင်းလင်းရန်နှင့် ချောင်းကပ်ရပ်တွင် တည်ရှိသော ရေစုကန်အနီး ကျောက်စီမြေထိန်းနံရံရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)