လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတို့ အတွင်း၀န်ရုံး၌ လုပ်ကြံခံရပြီး မြန်မာနိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးမှာ အကြီးမားဆုံးသော ဆုံးရှုံးမှုဖြစ်ခဲ့ကြောင်းကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးစားခဲ့ပုံများ၊ အာဇာနည် ဆိုသည်မှာ လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံပြီး ကိုယ်ကျင့်ဖြူစင်စွာဖြင့် အများအကျိုးအတွက် မိမိအသက်ကိုစွန့်လွှတ်ထားသည့် စိတ်ဓာတ်ဖြစ်ကြောင်းကိုစာရေးဆရာ ဦးစိုးနိုင်က ရှင်းလင်း ဆွေးနွေးသည်။ ၀န်ထမ်းများကလည်း အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အရည်အချင်းထောက်ပြသည့်ကဗျာများကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများက အာဇာနည်ခေါင်းဆောင် (၉) ဦးတို့၏ အတ္တပ္ပတ္တို နံရံကပ်စာစောင်များပြသခြင်းကို ကြည့်ရှုခြင်း၊ စာအုပ်၊ စာစောင်များခင်းကျင်းပြသထားခြင်းကို ဖတ်ရှု၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ခင်၀င်းမူ(ပြန်/ဆက်)