မိုင်းငေါ့ ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့် အဆိုပါကျောင်းရှိ မြစိမ်းရောင်ခန်းမတွင် ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အထက်တန်းပြဆရာမ ဒေါ်နန်းထွေးလင်ကြည်က အာဇာနည်နေ့ ဖြစ်ပေါ် လာပုံ၊ အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိများနှင့် မြန်မာနိုင်ငံကြီး လွတ်လပ်ရေး ရအောင် အသက်ပေးပြီး စွမ်းဆောင် ကြိုးပမ်းခဲ့ကြသည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အမြဲအောက်မေ့ သတိရနေစေရန် စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးဟော ပြောခဲ့သည်။
ထို့နောက် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့နှင့် သက်ဆိုင်သော စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများကိုလည်း ဆက်လက်ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)