ဇမ္ဗူသီရိ ဇူလိုင် ၁၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်နှင့်အဂတိ လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်ကြရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်တွင် လူကြီး များဖြစ်လာမည့်အတွက် ယခုကစ၍ ပညာအခြေခံကောင်းပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်မှသာ မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်ဆိုသည်မှာ မိမိတို့ငယ်စဉ်ကပင် စွဲမြဲစွာနာယူခဲ့သည့် ကျောင်းကောင်စီ အဓိဋ္ဌာန်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို လူငယ်များအနေဖြင့် ငယ်စဉ်ကပင် ကိုယ်ပိုင်အသိဉာဏ်ဖြင့် သင်ကြားသိမြင်လာခြင်းဖြင့် ကောင်းမွန်သည့် အလေ့အထများ ရရှိလာမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အဂတိတရား (၄) ပါးနှင့် သက်ဆိုင်သည့် ကျင့်ဝတ်လိုက်နာရန် အရေးကြီးသလို ဖြောင့်မတ်တည်ကြည်မှုရှိရမည်ဖြစ် ကြောင်း၊ ဖြောင့်မတ်တည်ကြည်ဖို့အတွက် မိမိကိုယ်တိုင်က အစပြုလိုက်နာကြပါလို့ ပြောကြား လိုပါကြောင်း၊ ယခုလူငယ်စကားဝိုင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးသည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးကို မိမိတို့ကော်မရှင်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်နှင့်အဂတိ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့်အတူ ကျောင်းသား၊ ကျောင်းသူ ၃ ဦးတို့က အဂတိလိုက်စားမှုဆိုတာ ဘယ်လို အရာတွေလဲ၊ အဂတိလိုက်စားမှုဟာ လူငယ်တွေရဲ့ အနာဂတ်အပေါ် ဘယ်လိုအကျိုး သက်ရောက်မှုရှိလဲ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရာမှာ လူငယ်တွေအနေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ စသည့်ကဏ္ဍများအား အသီးသီးဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များ၊ အသိပညာပေးနံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)