စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်

စဉ့်ကိုင် ဇူလိုင်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန် နေ့နံနက် (၉)နာရီက သက်ငယ် မုဒိမ်းမှု တားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သက်ငယ်မုဒိမ်းဖြစ်ပွားမှု လျော့ကျစေရေး ရည်ရွယ်၍ သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်းနှင့် သက်ငယ်မုဒိမ်းနှင့်ပတ်သက်ပြီး မိဘအုပ်ထိန်းသူတို့သာ သိထားနေရသည့် အနေအထားမျိုးနှင့် မရတော့ပဲ ကလေးသူငယ်များကိုယ်တိုင် မိမိခန္ဓာကိုယ်ကို မည်သို့ ကာကွယ်ရမည်၊ ကြုံလာတွေ့လာပါကမည်ကဲ့သို့ တုန့်ပြန်ရမည် စသည်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက ကလေးငယ်များ သတိပြုရန် အချက်များနှင့် ကလေးများ သတိပြုရန်အချက်များ၊ သက်ငယ်မုဒိမ်းမှုတွေဖြစ်ခဲ့ပြီ ဆိုရင် ကာယကံရှင် အမျိုးသမီးငယ်တွေဟာ အများအားဖြင့်ထိခိုက် သေဆုံးပြီး စိတ်ဒဏ်ရာတွေရရှိ ခဲ့တာတွေအပြင် မိသားစု ဝင်တွေ၊ ကျန်နေတဲ့ ကလေးတွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေနဲ့ ကြုံတွေ့နေရကြောင်းနှင့် သက်ငယ်မုဒိမ်းမှုများကို ဉပဒေအရထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်းတို့ကို အသိပညာ ပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်