ရပ်စောက်မြို့နယ် အခြေခံပညာမူလတန်းကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများဆောင်ရွက်

ရပ်စောက် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူကျန်းမာဖို့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်စို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ကျောင်းကျန်း မာရေးလှုပ်ရှားမှုများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါ်နန်းမြကြည် အမျိုးသမီးကျန်းမာရေးဆရာမနှင့် ဒေါ်လှရတနာ ကျန်းမာရေးကြီးကြပ်-၁ တို့ ဦးဆောင်သည့်အဖွဲ့(၂)ဖွဲ့မှ ကျန်းမာရေး ဝန်ထမ်းများသည် ကျောင်းများရှိ KG ကလေးများအား Covid ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကလေးများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဝမ်းဗိုက်ကျန်းမာရေးများစစ်ဆေးခြင်း၊ ကျောင်းမုန့်ဆိုင်အား ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများကို သွေးလွန်တုပ်ကွေးရောဂါမှကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ခြင်အန္တရာယ်ကင်းဝေးစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ ခြင်များမပေါက်ပွားစေရန်အတွက် နေအိမ်နှင့် ကျောင်းဝန်းအတွင်း ပြုလုပ်ရမည့် နည်းလမ်းများကို ကျန်းမာရေးကြီးကြပ်-၁ ဒေါ်လှရတနာကလည်းကောင်း၊ မိုးရာသီတွင်အဖြစ်များလေ့ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် စားသောက်နေထိုင် ရမည့်နည်းလမ်းများကို မြို့နယ်ပညာရေးမှူးရုံးမှ ဆရာမဒေါ်အမာကြူကလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြ ကြောင်း သိရသည်။

ဆုမွန်