တပ်ကုန်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့်စာအုပ် ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ပြောကြားခဲ့ပြီးနောက် ဘုရင့်နောင် ရပ်ကွက်၊ ရွှေရောင်အနာဂတ်(Golden Future)ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်အမျိုးသမီးအဖွဲ့(Woman Club)ဥက္ကဋ္ဌဒေါ်သင်းသင်းလှိုင်(သင်းသင်း လှိုင်-တပ်ကုန်း)နှင့်တာဝန်ရှိသူများက ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ  အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ ကြောင်း သိရသည်။

တင်စိုးလွင်