ကျိုင်းတုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာပေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ကျင်းပသည်။
စာပေဆိုင်ရာဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ လူကြီးမိဘများအားလုံးပါဝင်ကာ စာအုပ်စာပေဖတ်ရှု ခြင်းဖြင့် ဗဟုသုတများရရှိစေရန်၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ သိရှိ၍ စာဖတ် ခြင်းတွင်ပျော်မွေ့စေရန် စာဖတ်ဝိုင်းများကို ကျောင်းသား၊ ကျောင်းသူများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် “လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များက အကျိုးရှိထိရောက်သော စာဖတ်ဝိုင်းဖြစ်စေရေးနှင့် စာပေဆိုင်ရာ အကြောင်းအရာများနှင်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး “လူငယ်နှင့် အကောင်ဆုံးသော ဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင် ၂၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)