လားရှိုး ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ရပ်ကွက်(၁၀)၊မြို့ဝမ်ရပ်ရှိ တောရပရိယတ္တိစာသင်တိုက်တွင် ယနေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ တောရ ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ် အထူးကုဆရာဝန်၊ သားဖွား မီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကု ဆရာဝန်စသည့် အထူးကုဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးဗိုလ်မှူးကြီး (စစ်ရေး)မှ ဗိုလ်မှူးကြီး သက်နိုင်ထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး နှင့်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန်ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ ရပ်ကွက်(၁)၊ ရပ်ကွက် (၉)တို့တွင်လည်း ဒေသခံများ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)