ဒေါပုံမြို့နယ်တွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်ပျက်ကွက်သည့် ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသည့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ရပ်ကွက်များအလိုက် Mobile စနစ်ဖြင့်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက်တစ်နှစ်ပြည့်ပြီးမှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသည့် ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ကလေးငယ်များအား  ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ယမုံနာ(၁) ရပ်ကွက်တွင် Mobile စနစ်ဖြင့်  ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန်(ပေါင်) ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးနောက် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြပါသည်။ အဆိုပါ ကာကွယ်ဆေးသည် ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများဖြစ်ပြီး သတ်မှတ်အကြိမ်ရေ ပြည့်မီစေရေးအတွက် ရပ်ကွက်များအတွင်း ကွင်းဆင်း၍ Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် မိခင်နှင့်ကလေးများ ကျန်းမာစွာနေထိုင်တတ်စေရေး၊ ကျန်းမာရေးအသိကြွယ်ဝစေ ရေးနှင့် ကလေးများအားအကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်မည့်ရောဂါများအား သိရှိနိုင်စေရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ ဆက်)