မိုင်းပျဉ်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာမဲဆန္ဒရှင်စာရင်း အသိပညာပေးပိုစတာ များနှင့် လက်ကမ်းစာစောင်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများက ယနေ့နံနက် ၆ နာရီ က မဲဆန္ဒရှင်ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြသည်။
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် “ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ” ပိုစတာများ၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ “သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” လက်ကမ်းစာစောင်တို့ကို မြို့မစျေး၊ ယာယီပျံကျစျေးနှင့် လမ်းသွားလမ်းလာ ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်၊ ပိုစတာများတွင် မဲဆန္ဒရှင်အမည်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)၊ ကိုယ်ရေး အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)၊ မဲစာရင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄) ဖြင့် လျှောက်ထား နိုင်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါ/မပါကို Online မှလည်း စစ်ဆေးနိုင်ကြောင်း စသည့်အသိပညာပေး အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)