နောင်ချို အောက်တိုဘာ ၁၃
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် မဲရုံလုံခြုံရေးတာဝန်များကို ထမ်းဆောင်မည့် အထူးရဲသင်တန်းသား များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kitsဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က နောင်ချိုမြို့ မြနန်းတော်ဝင်ခန်းမ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ နိုင်ဝင်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသား (၈၂)ဦး အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကို စစ်ဆေးပေးခဲ့ပြီး အဆိုပါ(၈၂)ဦးလုံးတွင် ကိုဗစ်-၁၉ရောဂါပိုး မရှိကြောင်းသိရသည်။
အထူးရဲသင်တန်းသားများကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Test Kit ဖြင့်စစ်ဆေးခြင်းကို နောင်ချို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် ဖြူစင်မေတ္တာပရဟိတအဖွဲ့တို့က ပူးပေါင်းကူညီဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို ပြန်/ဆက်