မုဒုံ ဇူလိုင် ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
တိုင်ထောင်ပဲတောင့်ရှည်ပင်များကို မစိုက်မီမြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကိုရောစပ်ထည့်ပေးရကြောင်း၊ ပဲမျိုးစေ့များကို အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြားစိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင် လေထွက်ကောင်းရန် ဂရုစိုက်ရပြီး ရက် ၄၀ ခန့်အကြာတွင် စတင်အသီးသီးကာ ရက် ၅၀ ကြာလျှင် အသီးလှိုင်လှိုင်ထွက်ရှိကြောင်းနှင့် နှစ်ရက်ခြားတစ်ခါခူး၍ရောင်းချရပြီး နှစ်လကြာအထိ ခူးဆွတ်ရောင်းချရကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူတစ်ဦးကပြောသည်။
တိုင်ထောင်ပဲတောင့်ရှည်ပင်များကို ရာသီမရွေးစိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး တစ်ပိဿာလျှင် ၃၀၀၀ တစ်စည်းလျှင် ငွေကျပ် ၇၀၀ ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)