ပြင်ဦးလွင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Glory ကိုယ်ပိုင်စာကြည့်တိုက်တို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းပေါင်းစုံအထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈၊ ပဒေသာမြို့သစ် ရှိ Glory ကိုယ်ပိုင်စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းပေါင်းစုံအထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် Glory ကိုယ်ပိုင်စာကြည့်တိုက်တည်ထောင်သူ ဆရာ David Siang Za Kim တို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များနှင့် အထွေထွေဗဟုသုတမေးခွန်းပုံစံများ နှင့်ပတ်သက်၍ အကဲဖြတ်ဒိုင်အဖွဲ့ခေါင်းဆောင် ဆရာသက်နိုင်(ပြင်ဦးလွင်)နှင့် ဆရာဟိန်းစိုးလတ် (ဂုဏ်ထူးမြန်မာစာ) တို့က ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် Glory Kids အဖွဲ့မှ ဘယ်ပန်းချီရေးလို့ မမီတေးသီချင်းဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ပြီး ကျောင်းပေါင်းစုံအထက်တန်းအဆင့် အထွေထွေဗဟုသုတ ပြိုင်ပွဲကို စတင်ကျင်းပရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန် းကျောင်းမျာဖြစ်သည့် အ-ထ-က (၁) ၊ အ-ထ-က (၂) ၊ အ-ထ-က (၃) ၊ အ-ထ-က (၅) ၊ အ-ထ-က(ခွဲ) အ-လ-က (၁) ၊ အ-ထ-က (ဆင်လမ်း) နှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများဖြစ်သည့် စာပန်းအိမ် ၊ VEA ၊ ရွှေသုဝဏ်၊ လင်းလက် ကြယ်စင်ဟိန်းနှင့် မေမြို့ကိုယ်ပိုင်ကျောင်းတို့မှ တစ်ကျောင်းလျှင် ကျောင်းသား/ကျောင်းသူ သုံးဦးစီဖြင့်အဖွဲ့လိုက်ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ကျောင်းပေါင်းစုံ အထက်တန်းအဆင့် အထွေထွေဗဟုသုတပြိုင်ပွဲတွင် အုပ်စုတစ်အုပ်စုလျှင် အထက်တန်းကျောင်း သုံးကျောင်းနှုန်းဖြင့် အုပ်စုလေးအုပ်စု ပြိုင်ပွဲဝင်ကျောင်းစုစုပေါင်း (၁၁) ကျောင်း တို့က အကြိုဗိုလ်လုပွဲစဉ်အထိ ယှဉ်ပြိုင်ခဲ့ကြပြီး ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၃ နာရီတွင် အထွေထွေဗဟုသုတ ပြိုင်ပွဲ၏ နောက်ဆုံး Final ပွဲစဉ်အား ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထွေထွေဗဟုသုတပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများသာမက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းအသီးသီးမှ ကျောင်းသား/ကျောင်းသူများ အားလုံးနှင့် ကျောင်းအသီးသီးအား ပြိုင်ပွဲဆုချီးမြှင့်ပွဲတွင် အမှတ်တရဂုဏ်ပြုဆုများကို ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)