မောက်မယ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူနေ့စဉ် စားသုံးလျက်ရှိသည့် သီးနှံများဖြစ်သော မုန်ညင်းစိုက်ခင်းများကို ဟိုလွိုင်ကျေးရွာအုပ်စု၊ မိုက်ညု ကျေးရွာရှိ ခြံစိုက်တောင်သူများက မိုးရေနှင့်မြေအောက်ရေကိုအမှီပြု၍ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့နယ်မှာ မိုးရေနှင့်မြေအောက်ရေကိုအမှီပြုပြီး တောင်ယာခြံတွေမှာ တစ်ပိုင်တစ်နိုင် မီးဖို ဆောင်သုံးသီးနှံစိုက်ပျိုးတဲ့လုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံစိုက်ပျိုးရာ၌ ယခင်ကမိရိုးဖလာစိုက်ပျိုးနည်းနဲ့သာ စိုက်ပျိုးကြခဲ့ပြီးတော့ ခုနောက်ပိုင်း မှာတော့ တိုးတက်ပြောင်းလဲလာတဲ့ အထွက်နှုန်းကောင်းတဲ့ စိုက်ပျိုးရေးနည်း ပညာတွေကို အသုံးပြုစိုက်ပျိုးလာကြတယ်။ တောင်ယာစပါးအပြင် ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ မီးဖိုဆောင်သုံးဟင်းသီးဟင်းရွက်သီးနှံ တွေဖြစ်တဲ့ ဂေါ်ဖီထုတ်၊ ဥဖြူ၊ ဥနီ၊ မုန်ညင်း၊ ငရုတ်၊ ကြက်သွန်မိတ်၊ နံနံပင်၊ ဆလပ်၊ ကိုက်လံ၊ ရွှေပဲရွက်၊ ရွှေပဲသီး၊ တိုင်ထောင်ပဲ၊ သခွါး၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်၊ ခရမ်းသီး၊ ပဲတောင့်ရှည်သီးနှံတွေ စိုက်ပျိုးကြပါတယ် သီးနှံတွေ လတ်ဆတ်မှုရှိပြီး အရည်အသွေးလည်းကောင်းတာကြောင့် မုန်ညင်းအပင်ကြီးလျင် ၂ပင်၊ အသေး ၃ပင် တစ်စီးလျင် ၅၀၀ကျပ်နဲ့ စျေးကောင်းရရှိပါတယ်” ဟုဒေသခံတောင်သူတစ်ဦးကပြောကြားသည်။
မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများ အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ ပဲပုတ်၊ ပဲတီစိမ်း၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ မြေပဲနှင့် မီးဖိုဆောင်သုံးဟင်းသီးဟင်းရွက်များတို့ကို စိုက်ပျိုး ကြကြောင်း၊ ထူးခြားသည့် နှစ်ရှည်သီးနှံဖြစ်သည့် ရှောက်ချိုသီး၊ လိမ္မော်သီး၊ လိုင်ချီးသီး၊ သံပုရာများ စိုက်ပျိုးကြကြောင်းသိရကာ နမ့်ယွမ်းချောင်း တစ်လျှောက်ရှိကျေးရွာများ၌ ဒေသခံတောင်သူများ စားဝတ် နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးသမျှသီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေ အဆင်ပြေသဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)