ဟိုပုံး ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ပေါ်ရပ်ကွက်များတွင် GIS နည်းပညာအသုံးပြု၍ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲမည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာ၌ တွေ့ကြုံရမည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်ဖွဲ့စည်းခြင်း၊ ကျေးရွာတည်နေရာများ ကောက်ယူခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု Census Units နယ်နိမိတ်များရေးဆွဲခြင်း၊ Geo Code စနစ်များ ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် အချက်အလက်များ ပိုမိုခိုင်မာ၍ တိကျမှန်ကန်သွားမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဒေါ်နေခြည်ဆွေငြိမ်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)