လားရှိုးမြို့နယ်အတွင်း ပြုလုပ်သည့် ရှမ်းအိုးစည်များ ရောင်းအားကောင်းနေပြီး ပြည်ပများမှလည်း မှာယူမှုများရှိနေ

လားရှိုး ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် ပြုလုပ်ရောင်းချသည့် ရှမ်းအိုးစည်များကို နယ်ဝေးများမှဝယ်ယူမှုများရှိသလို ပြည်ပနိုင်ငံများမှလည်း မှာယူမှုများ ရှိနေကြောင်း သိရသည်။

ရှမ်းအိုးစည်ကို လားရှိုးမြို့နယ်၊ လွိုင်လွမ့်ကျေးရွာတွင် ပြုလုပ်ရောင်းချလျက်ရှိနေပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် အခြားသော တိုင်းနှင့်ပြည်နယ်များမှလည်း ဝယ်ယူ လျက်ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့လုပ်တဲ့ ရှမ်းအိုးစည်ကိုတော့ ဒေသအသီးသီးက လှမ်းမှာပြီးဝယ်ယူကြတာတွေရှိတယ်။ လားရှိုးနယ် တစ်ဝိုက်တင်မကပဲ တခြားတိုင်းနဲ့ပြည်နယ်ဘက်ကနေလှမ်းမှာပြီး ဝယ်တာတွေ များတယ်။ ပူတာအိုဘက်ကနေတောင် လှမ်းမှာတာတွေရှိတယ်။နောက်ပြီး ထိုင်းနိုင်ငံဘက်မှာနေတဲ့ ရှမ်းလူမျိုးတွေကလည်း မှာယူတာတွေရှိတယ် ” ဟု ရှမ်းအိုးစည် ပြုလုပ်ရောင်းချသူ ကိုစိုင်းက ပြောသည်။

ရှမ်းအိုးစည်တစ်လုံးလျှင် လွန်ခဲ့သော ယခင်နှစ်ကထက် ဈေးကွာခြားမှုများရှိလာပြီး ယခင်နှစ် ခြောက်သိန်းတန် ရှမ်းအိုးစည်တစ်လုံးတွင် ယခုနှစ်ပေါက်ဈေးမှာ ရှစ်သိန်းခန့်ထိဈေးရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)