လမ်းမတော် ဇူလိုင် ၁၈
တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း၍ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲကို ကူမင်းမြို့၊ Dianchi International Convention and Exhibition Center ၌ ၂၀၂၃ခုနှစ် ၁၆.၈.၂၀၂၃ ရက်နေ့မှ ၂၀.၈.၂၀၂၃ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအခြေစိုက် Yunnan Chamber ဥက္ကဋ္ဌ Mr.Xie Ming Gui နှင့်တာဝန်ရှိသူများသည် ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်တို့နှင့် အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံရာတွင် တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် ကူမင်းကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍကိုယ်စားပြု ကုန်သည်စက်မှုအသင်းချုပ်မှတာဝန်ရှိသူများတက်ရောက်နိုင်ရေး ၊ ပြပွဲကြီးကို နိုင်ငံအသီးသီးမှ အထင်ကရစီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှထုတ်ကုန်ပစ္စည်းဖလှယ်နိုင်ရန် ပြခန်းများပါဝင်ပြသနိုင်ရေး၊ ပြပွဲကာလအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်ကျွမ်းကျင်သူများ စေလွှတ်နိုင်ရေးဆွေးနွေးခဲ့ကြသည်။
ကူမင်း ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြသနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်မှ ယခုနှစ် ဇွန်လအတွင်း ဖိတ်ခေါ်ထားရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ ဆက်)