လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရုံး Community Centre တွင် စာပေချစ်မြတ်နိုးသူအဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူအဖွဲ့မှ စာဖတ်ဝိုင်းကို ယနေ့နေ့လယ်(၁.၀၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင်စာပေချစ်မြတ်နိုးသူအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ အယ်ဒီတာ ဦးသူရဇော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ စာရေးဆရာ ဌေးအောင်ဇော် (မြောင်းမြ)က အနာဂတ်လူငယ်နဲ့တိုးတက်ဖို့ကြံဗလငါးတန်စာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ် ပေးခြင်းဖြင့် စာပေချစ်မြတ်နိုးသူများက အတွေ့အကြုံများ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း ဖလှယ်နိုင်ခြင်း၊ကျောင်းသား/ကျောင်းသူများသိရှိလိုသည်များ ပိုမိုသိရှိရခြင်း၊ စာအုပ်စာစောင် များ၏ အကျိုးကျေးဇူးများကို ပို၍နားလည်သဘောပေါက်လာစေခြင်း၊ စာဖတ်ရှိန် မြှင့်တင်ရေး အတွက် အထောက်အကူပြုသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Woman Club နှင့် Youth Club အသင်းများဖြင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဇော်