မိုင်းဆတ်မြို့နယ် ဝိန်းနေကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးနယ်လှည့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဝိန်းနေကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်  နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့အေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ ဒေါ်နန်းကြည်အေးက မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိစေရန် သုတ၊ ရသ စာအုပ်များကို ဖတ်ရှုသင့်ကြောင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးသွားမည့်အကြောင်းကို ရှင်းလင်းဟောပြောပြီး ရုပ်သံကျွမ်းကျင်-၃၊ ဒေါ်အိအိဖြိုးက အာဇာနည်နေ့အကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများအကြောင်းကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ဒုတိယဦးစီးမှူး၊ ဒေါ်သီရိအောင်က ပတ်ဝန်းကျင်ဆိုင်ရာများကို အသိပညာပေးဟောပြောကာ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဉာဏ်ရည်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ  ကျောင်းသား/ကျောင်းသူ(၁၀)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးဆေးဝါးအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ရုပ်ပြစာအုပ်များကို ငှားရမ်းဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဒေါ်စန်းစန်းမြင့်(မိုင်းဆတ်)