မိုးနဲမြို့နယ်၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေး

 

မိုးနဲ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌‌ခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံးအသီးသီးတွင် တာဝန် ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်(၃၁) ဦးအား ယမန်နေ့ည‌နေပိုင်းက       ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မိုးနဲမြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိများက မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ အထူးရဲသင်တန်းတက်ရောက်လျက်ရှိသော အထူးရဲတပ်ဖွဲ့ဝင် (၂၁) ဦး ကို လည်း‌ကောင်း၊ ကျိုင်း‌တောင်းမြို့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ က  ကျိုင်းတောင်းနယ်မြေရဲစခန်း၌ သင်တန်း တက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင်(၁၀) ဦးကို လည်းကောင်း  RDT ဖြင့်စစ်ဆေးဆောင်ရွက်ခဲ့ရာ အထူးရဲတပ်ဖွဲ့ဝင်များစုစု‌ပေါင်း (၃၁)လုံးတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခြင်း မရှိကြောင်း မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)တို့တွင် မဲရုံပေါင်း(၃၁)ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း(၂၇၇၆၇) ဦးရှိကြောင်းနှင့် ကျန်းမာရေး စစ်ဆေးခံခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမဲရုံများ၌ တာဝန် အသီးသီးထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။ 

 မျိုးညွန့်ရွှေ (မိုးနဲ)