ဥတ္တရသီရိ ဇူလိုင် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဥတ္တရသီရိမြို့နယ် ပညာရေးမှူး ဦးသန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးထိုက်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းပြဆရာမကြီး ဒေါ်ဝင်းဝင်းသိန်းက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်နှင့်လုပ်ရပ်ကို လေးစားတန်ဖိုးထားတတ်စေရန်၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို မမေ့စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ သတ္တိနှင့်တကွ စံထားအတုယူထိုက်သော စိတ်ဓာတ်များကို လေးစားဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပသင့်ကြောင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာတင်ထွန်းနှင့် အထက်တန်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်းပြန်/ဆက်)