ကျောက်မဲ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအား ဘေးအန္တရာယ်ရှိသော အစားအသောက်များ ထုတ်လုပ်ရောင်းချခြင်းမရှိစေရေး၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဇူလိုင်(၁၆)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တာဝန်ရှိသူများက ကုန်စုံဆိုင်များ၊ လက်ဘက်ဆိုင်များမှ ရောင်းချနေသည့် အစားအသောက်များ၊ မုန့်များ ရက်လွန်ခြင်းရှိ/မရှိ၊ ပါဝင်ပစ္စည်းများကို မြန်မာစာဖြင့် ဖော်ပြထားခြင်း ရှိ၊ မရှိ၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသား ပါ၊ မပါ၊ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ စားသုံးရေးရာဦးစီးဌာနအနေဖြင့် ကျန်ရှိနေသော အခြားရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း အလားတူ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)