ကိုဗစ်-၁၉ ကာလ ဆွမ်းအခက်အခဲရှိသော မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း

​မြောက်ဥက္ကလာပ အောက်တိုဘာ ၁၃

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Stay at Home သတ်မှတ်ထားစဉ်ကာလ အတွင်း သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ We Love North Okkalapa ပရဟိတအဖွဲ့မှ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် ဆန်၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညပိုင်းက ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် We Love Yangon မှ တစ်ဆင့် We Love North Okkalapa ပရဟိတအဖွဲ့မှ (င)ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့နှင့် (ဈ)ရပ်ကွက် ဇမ္ဗူအေးကျောင်းတိုက်ဝန်းအတွင်းရှိ သံဃာအရေအတွက်များသော စာသင်တိုက်များ၊ ဆွမ်းအခက်အခဲရှိသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို ဆန်၊ ဆီအပါအဝင် အခြေခံစားသောက်ကုန်များကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ We Love North Okkalapa ပရဟိတအဖွဲ့အနေဖြင့် အလှူရှင်အသီးသီးမှ လှူဒါန်းသည့် အခြေခံစားသောက်ကုန်များကို "ပြည်သူများထံမှ ပြည်သူ့ထံသို့ မျှဝေရေး" အစီအစဉ်ဖြင့် မြို့နယ် အတွင်း အမှန်တကယ်စားဝတ်နေရေး အဆင်မပြေသည့် အိမ်ထောင်စုများရှိရာ နေရာများသို့  လှူဒါန်း ပေးလျက်ရှိပြီး အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)