ဒဂုံမြောက် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာများအနေနဲ့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြကြရန်၊ မိမိတို့အနေနဲ့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိမိတို့မြို့နယ်အတွင်း အသေးစား၊ အလတ်စားလုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းရွေးချယ်စိစစ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့သည်နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီးတို့မှ ပေးအပ်လာသော တာဝန်များကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဂတိတရားကင်းရှင်းရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ ဥပဒေ၊ နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း၊ အသိပညာပေးခြင်းလုပ်ငန်းများ၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေး၊ ရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပစေရေးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်မှတာဝန်ရှိသူများ၊ ကျန်းမာရေး၊ ပညာရေးဌာနများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးသွားရန်၊ မိမိတို့ရုံးဌာနများလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြရန် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများအတွက် အကျိုးရှိသောလုပ်ငန်းများအား အဓိကထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူးတက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းဆိုင်ရာများရှင်းလင်းဆွေးနွေးပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ