မော်လမြိုင် ဇူလိုင် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေးတွက် အထူးအလေးထားရည်ရွယ်ကာ အဆိုးရွားဆုံးကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြည်လည်ကုစားရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးဦးတင်ယုက အဖွင့်အမှာစကားပြောကြားပြီး လူမှု၀န်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားများစွာရှိသော်လည်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို ထိရောက်သော ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခဲ့သော ပိုင်ရှင်နှင့် အမြတ်ထုတ်သူများအပေါ် ထိရောက်သောအရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်း အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေလျှင် ပြစ်မှုနှင့်ပြစ်ဒဏ်များရှိကြောင်းကို ဥပဒေမှာ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကို ထောင်ဒဏ်(သို့မဟုတ်) ငွေဒဏ်ချမှတ်၍ ပြစ်ဒဏ်ချမှတ်နိုင်ပါကြောင်း၊ ပုဒ်မ ၄၈(ခ)တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏ အသက်သည် ၁၄ နှစ်အောက် မငယ်စေရ၊ အကယ်၍ နိုင်ငံတော်၏ပညာရေး ရည်မှန်းချက်အရ အခမဲ့မသင်မနေရ ပညာရေးစနစ်အတွက် သတ်မှတ်ထားသောအသက်သည် ၁၄ နှစ်ထက်ပိုပါက ကျောင်းနေသောကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်နိုင်သည့်အသက်သည် ထိုသို့ပို၍ သတ်မှတ်ထားသော အသက်ထက်မငယ်စေရစသည့် ဥပဒေများပြဌာန်းထားပါကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သိလိုသည့်အချက်များအား မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းအကြံပြုခြင်းများဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်