နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်

ဥတ္တရသီရိ ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မရမ်းခုံကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းအမှတ်(၁၈၉၃)၌ ကျင်းပခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦး၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  တောင်သူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်နှင့် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးတို့က ယခုနှစ်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးထားရှိသည့် သီးနှံများနှင့် စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသည့် အရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က စက်ကိရိယာဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေသည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စက်ကိရိယာဖြင့် စပါးစိုက်ပျိုးနေမှုအား လက်တွေ့သရုပ်ပြခဲ့သည်။

စက်ကိရိယာဖြင့် အခြောက်ထယ်ရေးတွင် မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့်၊ မျိုးအလေအလွင့်မရှိပဲ မျိုးကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် လုပ်အားခလျော့ချနိုင်ခြင်းတို့ကြောင့် တောင်သူများအနေဖြင့် ငွေကုန်ကြေးကျသက်သာနိုင်ပြီး စက်ကိရိယာဖြင့် စပါး၊ ပဲတီစိမ်း၊ ပြောင်းနှင့် နေကြာ စသည့် သီးနှံများကိုလည်း စိုက်ပျိုးနိုင်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)