ညောင်ဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာအုပ်စု၊ အနောက်အုံကျေးရွာ ရွှေလက်လှဘုရားကြီး ဓမ္မာရုံ၌ အသေးစား စက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှဖွင့်လှစ်သည့် အမျိုးသမီးဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းကို ဇူလိုင် ၁၇ ရက်၊ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း ညောင်ဦးခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းထံက သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင့်မှ အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ဦးနေမျိုးအောင် (ဒုတိယညွှန်ကြားရေးမှူး)က အမျိုးသမီးများ ဝင်ငွေတိုးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင်မှ စီမံကိန်းလုပ်ငန်း လွှဲပြောင်းပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ မသီသီစိုးမှ လက်ခံရယူသည်။
ပြီးနောက် စက်ချုပ်သင်တန်းတွင် သင်တန်းနည်းပြဆရာမမှ လက်တွေ့စက်ချုပ်နည်းသင်တန်း ပို့ချသင်ကြားနေမှုများ ကြည့်ရှုခြင်းနှင့် စက်ချုပ်သင်တန်းတွင် အသုံးပြုမည့် စက်ချုပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကာ သင်တန်းနည်းပြနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့အတွက် ကျေးလက်ဒေသရှိ အမျိုးသမီးများ အိုးမကွာအိမ်မကွာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာပြီး မိသားစုဝင်ငွေ တိုးပွားလာစေမှာဖြစ်ကြောင်း၊ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် လိုက်တဲ့အတွက် စီမံကိန်းတစ်ခုမှာ လုပ်ငန်းရှင် (၅) ဦး ပေါ်ထွက်လာမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက ပြောကြား၍သိရပြီး သင်တန်း ကာလမှာ ဇူလိုင် ၁၇ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ထိ ဖွင့်လှစ်သင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း