ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက် မှုများ အခမဲ့ဆောင်ရွက်

ကျောက်ဆည် ဇူလှိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အရှေ့ သပြေသာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်တိုးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ ပြည့်စုံပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် သားကောင်း/ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ကျန်းမာခြင်းသည် အဓိကဖြစ်ပြီး ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် မိုးရာသီတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ အကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်ဆေးမှူး ဒေါ်ဆွေဆွေမြင့်က သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများအကြောင်းနှင့် နေ့စဉ်ဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအကြောင်း အသိပညာ ပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့စစ်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်