သီပေါ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနများရှိ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ယခင်ငှားရမ်းပေးထားသောစာအုပ်များအား ပြန်လည် သိမ်းဆည်း ပြီးယခုအပတ်တွင်သုတ၊ ရသစာအုပ်များကို ထပ်မံပြန်လည်ငှားရမ်းပေးခဲ့သည်။ ထိုသို့ ငှားရမ်း ပေးရခြင်း မှာစာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် ငှားရမ်းပေးခြင်းကို သီပေါ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အပတ်စဉ် ဌာနဆိုင်ရာရုံး များ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)