တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ

တပ်ကုန်း ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ  စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်” စာအုပ်ကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါစာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိန်းဝင်းမြင့်(မြကျောက်အေးချမ်း)၊ ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊ မြို့နယ်အမျိုးသမီးအဖွဲ့ (Woman Club) ဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်” စာအုပ်တွင် ပါရှိသည့် မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၊ ဗဟုသုတက တန်ခိုး၊ စာကောင်းပေကောင်းရေးနည်း၊ အောင်မြင်စေချင်၊ သုတနှင့်ရသ အတွေ့အကြုံ၊ အကျိုးရှိသော အလုပ်ခေါင်းစဉ်များနှင့်­­အခြား ဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်