သီပေါ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်၍ ဌာနအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ မြို့တွင်းရေမြောင်းများအတွင်း အမှိုက်များစွန့်ပစ်မှု မရှိစေရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အလေးထားဆောင်ရွက်ရန်စသည်ဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲမှူး အောင်မင်းက ဝန်ထမ်းများလုံခြုံရေးနှင့်ပတ်သက် အထူးဂရုပြုကြရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးပြေငြိမ်းက မီးလောင်ကျွမ်းခဲ့သော ဘုန်းကြီးကျောင်းများအတွက် အလှူငွေကောက်ခံရရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက အထက်အဆင့်ဆင့်မှ ညွှန်ကြားချက်များအားချပြ ရှင်းလင်းခြင်းကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းဦးက ကော်ဖီသီးနှံလျာထားဆောင်ရွက်မှုနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာအသီးသီး အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် အနီးအနားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)