မိုးနဲမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိုးနဲ ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး ကမ္ဘောဇခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အပိုင်း (၂) ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုပွယ်က ရှမ်းဘာသာဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြားသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီးနောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးပွဲမှ ပြန်လည်ထွက်ခွာခဲ့ကြကာ ဆွေးနွေးပွဲပထမပိုင်း ပိတ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ ဆွေးနွေးပွဲ ဒုတိယပိုင်းတွင်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က ဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဥ်း၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ သိရှိစေရန် ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းယုဝေမွန်နှင့် ဒုတိယဦးစီးမှူး ဦးခိုင်ဇော်လင်းတို့မှလည်း ဆွေးနွေးပေးခဲ့ကြရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများကလည်း အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပိတ်သိမ်းခဲ့ကြသည်။

ဇင်ကိုကို(ပြန်/ဆက်)