မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မိုးညှင်း ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက အ.လ.က(ခွဲ)နောင်စွန်း၌ ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) နောင်စွန်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီသီအေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ပြန်/ဆက်ဦးစီးဌာန၏ လုပ်ငန်းအကြောင်း အရာများ မိတ်ဆက်ရှင်းလင်းခြင်း၊ လူငယ်နှင့် ရည်မှန်းချက်များ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ စသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ဇင်ဦးက အားကစား လှုပ်ရှားမှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ဘဝလမ်း ကြောင်း မှန်ကန်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်သည့် လူငယ် လူရွယ်များ ဖြစ်ပေါ်လာစေရန်စသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာဗဟုသုတများ ရရှိစေမည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတစာအုပ်စာပေများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)