နမ့်စန်(တ) ဇူလိုင် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နေ့လယ် ၁ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က မြို့နယ်ပြန်/ဆက်၊ ပညာရေးဌာနနှင့် စာပေဝါသနာရှင်များအသင်း (Book Club)တို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ် ပြိုင်ပွဲကို မြို့နယ်ပြန်/ဆက်ရုံး အပေါ်ထပ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လည်းကောင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို မြို့နယ်ပြန်/ဆက်ရုံး အောက်ထပ်ရှိ ပြည်သူ့ စာကြည့်တိုက်တွင်လည်းကောင်း ကျင်းပခဲ့ရာ အမှတ်(၂)ကျေးရွာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို နေ့လယ် ၂ နာရီ အချိန်တွင် ဆက်လက်ကျင်းပခဲ့ရာ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူ ၉ ဦးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ အမှတ်(၂)ကျေးရွာ အ.မ.က ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းနှင့် စာပေဝါသနာရှင်များအသင်း (Book Club)မှ တာဝန်ရှိသူများက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)