ကွတ်ခိုင် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူနာပြုများက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် (၆)လလျှင်တစ်ကြိမ်ထိုးနှံပေးသော ကာကွယ်ဆေး (Booster) ကိုလည်း ထိုးနှံပေးလျက်ရှိရာယနေ့ နံနက်ပိုင်းက ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးခဲ့ပါသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်များက ကာကွယ်ဆေးမထိုးနှံမှီ ကျောင်းသား/ကျောင်းသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ ယခင်ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအကြိမ်အရေအတွက်တို့ကို စီစစ်မေးမြန်းကောက်ယူလျက် ကျောင်းသား/ကျောင်းသူ မိဘများ၏ ဆေးထိုး ခွင့်ပြုချက်ဖြင့် အတန်းလိုက် စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ(၅၇၆)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကွတ်ခိုင်(ပြန်/ဆက်)