ကျိန္တလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက်ကလေးငယ်များအား မြန်မာနိုင်ငံသစ်သီး ဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးအသင်းမှ အဟာရထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျိန္တလီ  ဇူလိုင်  ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များအား  အဟာရထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကနေ့လည်ပိုင်းက ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဉာဏ်လင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ကျိန္တလီမြို့၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ခင်ထွေးက ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များတွင် အဟာရမျှတစေရန် ကစီဓာတ်၊ အသားဓာတ်နှင့် ဗီတာမင်ဓာတ်များ စသည်တို့ပါဝင်သော အစားအစာများကို စုံလင်အောင် စားသုံးသင့်ကြောင်း၊ ယခုအခါတွင် သွေးလွန် တုပ်ကွေးရာသီ ဖြစ်သဖြင့်လည်း ကလေးငယ်များကို ခြင်မကိုက်စေရန် ဂရုစိုက်သင့်ကြောင်းနှင့် (၁)နှစ်အောက်ကလေးငယ်များသည် သွေးလွန်တုပ်ကွေး ဖြစ်ပေါ်လာပါက အလွန်နုနယ် သေးသည့်အတွက် သေဆုံးနှုန်းများသည်ကိုတွေ့ရသဖြင့် အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးအသင်း ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဦးချစ်မြမှ စိုက်ပျိုးရေးအခြေခံအဟာရဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်းများ၊ (၂)နှစ်အောက်ကလေးငယ်နှင့်မိခင်များအား မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး အသင်းမှ တစ်ဦးလျှင် ဆီ(၅ဝိ-ကျပ်သား)၁-ဗူး၊ အိုဗာတင်း ၂၀ဂရမ်(၇)ထုပ်နှင့် ကြက်ဥ(၈)လုံးရရှိခဲ့ကြပြီး ကျိန္တလီမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်(၂၃)ဦးနှင့်  (၂)နှစ်အောက်ကလေး(၃၂)  စုစုပေါင်း (၅၅)ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်း