မိုင်းဖြတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ဝင်နေသူ ခုနှစ်ဦအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ်များ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃နာရီအချိန်ခန့် က အထက (မိုင်းဖြတ်)တွင် ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ခံချက်လက်မှတ်များ ပေးအပ်ရာတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)မှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲအဖြေများအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ထောက်ခံချက်လက်မှတ်ကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်၊ အတွင်းရေးမှူး ဒေါက်တာကျော်မျိုးဇော်နှင့် တာဝန်ရှိသူများက Facility Quarantine ဝင်နေသူ ခုနှစ်ဦးထံ ပေးအပ်ခဲ့သည်။
အဆိုပါ ခုနှစ်ဦးသည် စက်တင်ဘာလ ၂၇ ရက် က အထက(မိုင်းဖြတ်) နှင့် အထက(ဟိုနား) တို့တွင် Facility Quarantine ဝင်နေသူများဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့က အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်များကို နမူနာရယူစစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ ၎င်းတို့ခုနှစ်ဦးသည် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်မည့် သူများဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)