မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မွှေးမွှေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပရာ မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် အာဇာနည်နေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မွှေးမွှေး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်မွှေးမွှေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသားကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)